Press Release | 24th June 2022 | Arakan Front Party

Press Release | 24th June 2022 | Arakan Front Party

ယနေ့ ၂၀၂၂ ဇွန်လ (၂၄) ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင့်ဦးဆောင်ပါတီကိုယ်စား ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦး ဦးဆောင်သော အဖွဲ့က ဘင်္ဂလာဒေ့ရှ် ကောင်စစ်ဝန်ရုံး၌ ကောင်စစ်ဝန်နှင့် ယင်းသံအဖွဲ့တစ်ခုလုံး ၏ အကြီးအကဲ ဖြစ်သူ မစ္စတာဂျာကီးအာမတ် (Zakir Ahmed) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဦးစွာပထမ – ပြန်ပေးဆွဲခံ ဆရာများ မြန်မာဘက်ခြမ်းသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိလာရေးတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း ရခိုင့်ဦးဆောင်ပါတီက ဖော်ပြ ပြောဆိုခဲ့ပါသည်။

ဇွန်လ (၁၆) ရက်မှ စတင်လျက် မကြာသေးမီ ရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် ရခိုင်ဆရာများ ပြန်ပေးဆွဲခံရမှုတွင် မြန်မာဘက်နယ်စပ်မြို့ မောင်တောမြို့နယ်အတွင်း ပြန်ပေးဆွဲခံရပြီး နတ်မြစ်တစ်ဘက်ကမ်း ဘင်္ဂလာနယ်မြေထဲတွင် (drop-off) ချထားပေးခြင်းခံခဲ့ရရာ – နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း (cross-border crime) ဖြစ်ရာရောက်နေကြောင်း ထောက်ပြခဲ့ပါသည်။

ဇွန်လ (၂၁) ရက်နေ့ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ရခိုင့်ဦးဆောင်ပါတီက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း (cross-border crime) နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ကြောင်း ၎င်းတို့အား ထပ်ဆင့်အသိပေးခဲ့ပါသည်။

quote:
“၄။ ဤအမှုအခင်းနှင့် စပ်လျဉ်းပတ်သက်လျက် နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခြင်း (သို့မဟုတ်) ချိတ်ဆက်ဆောင်ရွက်ခြင်းများ ရှိကောင်းရှိနေမည်ကို စိုးရိမ်ရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာအစိုးရနှင့် လိုအပ်သလို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(4) The Bangladeshi government is kindly requested to co-operate with their Myanmar counterpart as the situation demands, lest cross-border networking might as well involve in this particular crime.” (end of quote.)

မြန်မာနိုင်ငံသား ဆရာနှစ်ဦးအား ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ဤသို့ပြန်ပေးဆွဲခဲ့သည့် ဖြစ်ရပ်သည် မြန်မာလုံခြုံရေးတပ်ဖွဲ့များ အတွက်သာလျှင်မက ဘင်္ဂလာဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့များအတွက်ပါ ရှက်စရာကောင်းသောဖြစ်ရပ်တစ်ခုအဖြစ် အများပြည်သူတို့က မှတ်ယူနေကြကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့ပါသည်။

ပြန်ပေးဆွဲ အကြမ်းဘက်သမားတို့က တယ်လီဖုန်းမှ ပြောသဖြင့် ကြားရသောစကားသံမှာ စစ်တကောင်းသား ဘင်္ဂါလီ ဘာသာစကားသံဖြင့်ပြောသည် ဆိုသည့်အချက်မှာ သူ့အလိုလို ပေါ်ပေါက်ပေါ်လွင်နေသည့် အချက်အလက် (fact) တစ်ခုသာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

အကြမ်းဖက်မှုအားမပေးသော ပေါ်လစီရှိကြောင်း မည်သို့ပင်နှုတ်အားဖြင့် ပြောစေကာမူ လက်တွေ့အကောင်အထည်ဖော်မှု (implementation) လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီက တင်ပြခဲ့ပါသည်။ နယ်ခြားအား တင်းကြပ်အောင် လုံခြုံရေးယူထားသည် ဟု နှစ်ဘက်က မည်သို့ပင် ဆိုကောင်း ဆိုစေကာမူ နယ်စပ် ဒိုးယိုပေါက် (porous) ဖြစ်နေသည်ကို အချက်အလက်တစ်ခုအဖြစ် ပေါ်လွင်နေသည်ကိုလည်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဤသို့သော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည် ဘင်္ဂလာ-ရခိုင် နှစ်ဘက် ပိုမိုလွတ်လပ်စွာကူးသန်း ရောင်းဝယ် ဖောက်ကားမှုများ ဖြစ်ထွန်းလာရေးကို အတားအဆီးများသဖွယ် ဖြစ်လာနိုင်ခြေ ရှိနေမှုကို သတိထားမိပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

(End)

Leave a comment