ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်

ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်

ရက်စွဲ – ၂၀၂၂-ခုနှစ် ဇွန်လ (၂၁) ရက်

၁။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦးဖြစ်သူ ဆရာကြီးဦးဘိုဝင်း နှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ၂၀၂၂-ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် မိမိဌာန မြို့နယ်ရုံးသို့ သွားရောက်နေစဉ် မောင်တောမြို့နယ်အတွင်း အမည်မသိ အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ကြရပါသည်။ တောင်းဆိုငွေ ပေးအပ်မှသာ ၎င်းတို့အား ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောဆို ထိန်းသိမ်းခြင်းကို ခံထားရပါသည်။

၂။ အဖမ်းဆီးခံရသည်မှာ ငါးရက်ကျော်ပြီဖြစ်သော်လည်း ၎င်းပညာရေးဝန်ထမ်းနှစ်ဦးမှာ လွတ်မြောက်လာခြင်း မရှိသေးရာ၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို စွဲကိုင်ထားသူ မြန်မာအစိုးရအနေဖြင့် ၎င်းတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြည့်အ၀ တာဝန်ရှိသည်အလျောက် အစိုးရလက်အောက်ရှိ စစ်ဘက်၊ ရဲဘက် နှင့် အခြားလုံခြုံရေးဆိုင်ရာယန္တရားများအား အပြည့်အဝအသုံးချကာ ဆရာနှစ်ဦး ဘေးမသီရန်မခ လွတ်မြောက်လာစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်စေလိုပါသည်။

၃။ အစိုးရ မဟုတ်သော အခြားအင်အားစု (stakeholder) များ အနေဖြင့်လည်း အဖမ်းဆီးခံ ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၄။ ဤအမှုအခင်းနှင့် စပ်လျဉ်းပတ်သက်လျက် နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခြင်း (သို့မဟုတ်) ချိတ်ဆက်ဆောင်ရွက်ခြင်းများ ရှိကောင်းရှိနေမည်ကို စိုးရိမ်ရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာအစိုးရနှင့် လိုအပ်သလို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၅။ သက်ဆိုင်သူနှစ်ဦး၏ မိသားစုဝင်များ နှင့် အလားတူ၊ မိမိတို့ ရခိုင့်ဦးဆောင်ပါတီနှင့် ထပ်တူ စိတ်ပူပင်နေကြသော ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအားလည်း စိတ်ဓါတ် ဆက်လက် ကြံ့ခိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ရခိုင့်ဦးဆောင်ပါတီ

* * * * * * * * * * * *

Leave a comment