မြေမြုပ်သေဆုံးရသူများအတွက် မေတ္တာစာ
ဒီကနေ့ ဖားကန့် မြေပြိုကျမှုဖြစ်စဉ်မှာ အနည်းဆုံးလူနှစ်ရာကျော် သေနိုင်ခြေရှိတယ်။ အခုအချိန်အထိ အလောင်း (၁၂၅) လောင်းတွေ့ပြီးပြီ။
သေဆုံးသူတွေထဲက အများစုဟာ ရခိုင်တွေ၊ အညာသားတွေနဲ့ ကချင်ဒေသခံအချို့ဖြစ်နိုင်ဖွယ်ရာရှိတယ်။
အင်မတန်မှ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ နောက်ဘဝဆိုတာများရှိခဲ့ရင် သေဆုံးသူများအားလုံး ကောင်းရာသုဂတိ ရောက်ကြပါစေလို့ ဆန္ဒပြုပါတယ်။
အုပ်ချုပ်သူတွေတာဝန်သိတတ်တဲ့ နိုင်ငံမျိုးမှာသာ ဒီလိုမျိုးဖြစ်ပျက်တယ်ဆိုရင် – နိုင်ငံအလံကို တိုင်တစ်ဝက်လွှင့်ထူကြပါလိမ့်မယ်။ ဒီကိစ္စအတွက်တာဝန်အရှိဆုံးလို့ ယူဆနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး တာဝန်က နှုတ်ထွက်ပါလိမ့်မယ်။ နိုင်ငံအကြီးအကဲက အမျိုးသားရုပ်သံလိုင်းကနေ မျက်ရည်စမ်းစမ်းနဲ့ ဝမ်းနည်းကြောင်း ပြောပါလိမ့်မယ်။ ဒီလို မျက်ရည်စမ်းစမ်းနဲ့ ပြောရုံနဲ့မပြီးသေးဘူး၊ နောင်နှစ်တွေမှာ ဒီလိုမျိုး မဖြစ်ရအောင် အစီအမံတွေချမှတ်လုပ်ဆောင်ကြရပါလိမ့်မယ်။
အခု ဒီနိုင်ငံမှာကတော့ တာဝန်ရှိသူတွေအားလုံးအဖို့ မိမိလက်ညှိုးကို အပ်စူးတာလောက် အရေးကြီးပုံမရတဲ့ပုံစံနဲ့ နေသာသပ လေညာက ပေါ့လေ။
တမြန်နေ့က ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားအချို့ရဲ့ မုဒိမ်းကျင့်မှုခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော့ တရားမျှတမှုကို တောင်းဆိုဖို့ နေနေသာသာ အသက်ကိုလုပြီး ပုန်းနေရတဲ့ ပုံစံပါပဲ။
ဒီပုံနဲ့ဆို – ၂၀၅၀ ပြည့်နှစ်မှာ မြန်မာဆိုတဲ့ နိုင်ငံရှိမှ ရှိပါတော့ဦးမလား။
ဒါဟာ လူနှစ်ရာ မြေထဲမြုပ်သွားရုံမျှမဟုတ်၊ နိုင်ငံတစ်ခုရဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေ နှစ်စဉ်နှစ်တိုင်း မြေထဲမြုပ်ပါ သေဆုံးသွားနေကြတယ် လို့ သိကြဖို့ကောင်းပါတယ်။
ဦးကျော်ဇောဦး
၀၂-၀၇-၂၀၂၀
16:15 p.m.
