ရခိုင့်ဦးဆောင်ပါတီ ထုတ်ပြန်ကြေငြာချက် အမှတ် (၂/၂၀၂၀)

ရခိုင့်ဦးဆောင်ပါတီ ထုတ်ပြန်ကြေငြာချက် အမှတ် (၂/၂၀၂၀)

ရက်စွဲ – ၂၀၂ဝခုနှစ်၊ မတ်လ (၂၉) ရက်

ရခိုင့်ဦးဆောင်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တို့သည် ၂၀၂ဝခုနှစ်၊ မတ်လ(၂၈)ရက်နှင့် (၂၉) ရက်တို့တွင် တွေ့ဆုံ ​ဆွေးနွေးခဲ့ကြပါသည်။ ရခိုင်ပြည်နယ်၏ အရေးပေါ်အခြေအနေအရပ်ရပ် အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး မည်သို့ ရပ်တည်လုပ်ဆောင်ရမည် တို့အား ဆုံးဖြတ်ခဲ့ကြသည့်အနက် အောက်ပါအချက်များကို ထုတ်ပြန်ကြေငြာအပ်ပါသည်။

၁။ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးနှင့် ပလက်ဝမြို့နယ် တို့တွင် မကြာသေးမီ လပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခြင်းများအား ရခိုင့်ဦးဆောင်ပါတီ က ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ပလက်ဝမြို့နယ်တွင် စစ်လေယာဉ်များပေါ်မှ ပစ်ခတ်သည့်အတွက် အပြစ်မဲ့ အရပ်သား ကျေးရွာသူ ကျေးရွာသားများ ဒဏ်ရာရ သေဆုံးရသည့် ဖြစ်ရပ်များအပါအဝင် စစ်ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိသည့် ဖြစ်ရပ်များအားလုံးအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပေးရန်နှင့် အရေးယူနိုင်ရန် လိုအပ်သည်ဟု ခံယူသည်။

၂။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်တွင် ကူးစက်ပျံ့နှံ့လျက်ရှိသော COVID-19 (ရောဂါ) သည် လူဦးရေထုများ၊ နိုင်ငံများ၊ အစိုးရများ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကိုု ပြိုလဲသွားစေနိုင်သော အလားအလာအား သယ်ဆောင်လာပါသည်။ထို့ကြောင့် ရခိုင်ပြည်သူပြည်သားများအနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာကြပါရန် တိုက်တွန်းသည်။

၃။ ကူးစက်ရောဂါ မပြန့်ပွားရေး၊ စစ်ဘေးရှောင်များအရေး နှင့် ပြည်သူတို့၏ အခြားသော အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အချက်အလက်များ ရရှိရေးအတွက် အင်တာနက် သုံးစွဲခွင့်မှာ အလွန်အရေးကြီးပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ နှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်သုံးစွဲမှု ပိတ်ပင် ဖြတ်တောက်ထားမှုအား ရှုတ်ချပြီး ထိုပိတ်ပင်မှုများအား ဖယ်ရှားပေးရန် တောင်းဆိုသည်။

၄။ စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းတွင် သတင်းမီဒီယာသမားများ လွတ်လပ်စွာ သတင်းယူခွင့် ရှိရေးအတွက် တောင်းဆိုသည်။
၅။ စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပြည်တွင်း/ပြည်ပ အစိုးရ/အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် ပေးနိုင်ရေးအတွက် အလေးအနက် တောင်းဆိုသည်။

၆။ULA/AA အား အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ကြေငြာခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးပန်းတိုင်နှင့် အလှမ်းကွာ ဝေးသထက် ဝေးသွားစေနိုင်သည့်အတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ထိုကြေငြာချက်တို့အား ပြန်လည်ရုပ်သိမ်း သင့်/မသင့် သုံးသပ်ပေးရန် အလေးအနက် တိုက်တွန်းပါသည်။
၇။ ရခိုင့်ဦးဆောင်ပါတီ ၏ ခေါင်းဆောင်မှုအသစ်အား အောက်ပါပုဂ်္ဂိုလ်များဖြင့် ပူးတွဲပါ တာဝန်များအတိုင်း ရွေးချယ် တာဝန်ပေး ဖွဲ့စည်းလိုက်ပါသည်။

(၁) ဒေါက်တာအေးမောင် ဥက္ကဌ၊ ညှိနှိုင်းရေးမှူး
(၂) ဦးကျော်ဇောဦး ဒု-ဥက္ကဌ၊၊ တွဲဖက်ညှိနှိုင်းရေးမှူး၊
ပြောရေးဆိုခွင့်ရှိသူ
(၃) ဦးစိုးဝင်း အတွင်းရေးမှူး-၁
(၄) ဦးတင်မောင်ဝင်း အတွင်းရေးမှူး-၂
(၅) ဦးထွန်းသိန်း အတွင်းရေးမှူး-၃
(၆) ဦးသန်းနိုင် အတွင်းရေးမှူး-၄
(၇) ဦးဦးထွန်းသိန်း ဘဏ္ဍာရေးမှူး
(၈) ဒေါ်မိမိခိုင် စာရင်းစစ်
(၉) အခြား CEC အဖွဲ့ဝင်များ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်များ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင့်ဦးဆောင်ပါတီ

Leave a comment